ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူဖို့ မပျင်းပါနဲ့
လူတိုင်းပျော်ချင်ကြသလို ပျော်ရွှင်မှုဆိုတာလည်း လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သင်မထင်ထားတဲ့အချက်တစ်ချက်က ပျော်ရမှာကြိုက်တဲ့လူအချို့တွေဟာ တကယ်တမ်း ပျော်နေပြီဆိုရင်လည်း ဒါကိုမှားယွင်းတယ်လို့ ထင်တတ်ကြတယ်။ တချို့တွေမှာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်လုပ်ယူဖို့ ပျင်းတတ်ကြတယ်။ တချို့တွေကတော့ ဘယ်လိုပျော်ရွှင်ရမှန်းကို မသိတာကြောင့် ကိုယ်တိုင်ပျော်နေရင်တောင် ဒီခံစားချက်ကို နားမလည်တတ်ကြပါဘူး။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ
၁။ နာကျင်မှုတွေများလာတဲ့အခါ ဦးနှောက်ကနေ Defense Mechanism အနေနဲ့ ထပ်ပြီး စိတ်ဒဏ်ရာမရတော့အောင်လို့ ကိုယ့်စိတ်ကို မာကျောစေပြီး ခံစားချက်တွေကို ထုံသွားအောင် လုပ်လိုက်တတ်ပါတယ်။
၂။ ဆိုရှယ်မီဒီယာတွေ တွယ်ကျယ်လာပြီးနောက်မှာ တခြားသူတွေရဲ့ အချစ်ရေးပုံပြင်တွေ နားထောင်ဖတ်ရှုရင်း လက်တွေ့ဘဝနဲ့ မအပ်စက်တဲ့ အတွေးတွေ၊ အိပ်မက်တွေဝင်လာလို့ ကိုယ့်ပျော်ရွှင်မှုကို ကန့်သတ်စေတဲ့ ဘောင်တွေ ဖြစ်လာပါတယ်။
၃။ တချို့တွေအတွက်ကတော့ နာကျင်ရတဲ့ခံစားချက်ကို မကြိုက်တာကြောင့် ပျော်ပြီးသွားရင် နာကျင်ရတော့မလားဆိုပြီး ကြောက်စိတ်အတွေးတွေ ဝင်လာတတ်တဲ့အတွက် ပျော်ရဖို့ကို မကြိုးစားတော့ဘူး၊ ပျော်ရွှင်မှုကို ပိုင်ဆိုင်ရတဲ့အခါမှာလည်း လက်လွတ်ဆုံးရှုံးလိုက်ဖို့ကိုပဲ တွေးတတ်ကြတယ်။
၄။ Defense Mechanism ခံယူချက်တွေ ပြင်းထန်လာတဲ့အခါ ပျော်ရွှင်မှုကို မကြိုက်တော့သလို မှားယွင်းမှုတစ်ခုလို့ မြင်လာကြတယ်။
၅။ အခုလို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမျိုးမှာ တခြားသူတွေအပေါ် ကရုဏာသက်စိတ်၊ အားနာစိတ်တွေ၊ မလုံမလဲဖြစ်စိတ်တွေနဲ့ ပျော်စရာရှိတာတွေကို အစွမ်းကုန်မပျော်နိုင်ဘဲ ပြန်ငဲ့ညှာတဲ့အတွေးမျိုး ဝင်လာတတ်ပါတယ်။
၆။ အယူရှိပြီး အပေးမရှိတဲ့ မိသားစု၊ ပတ်ဝန်းကျင်မှာ ကြီးပြင်းကျော်ဖြတ်လာရတဲ့အခါ ကိုယ့်ဆီက ပေးရဖို့ထက် သူများဆီက ပျော်ရွှင်မှုအလကားပေးတာကိုပဲ အဆင်သင့်ခံယူချင်ကြတယ်။ ကိုယ်ကြားဖူးတဲ့ ပုံပြင်တွေထဲကလို ချစ်ရသူက ပျော်အောင်လုပ်ပေးတာကိုပဲ စောင့်မျှော်နေကြပြီး ထင်သလိုမဖြစ်လာဘူးဆိုရင် စိတ်ဓာတ်ကျလာတတ်ကြပါတယ်။
၇။ အကောင်းပြီးရင် အဆိုးလာတဲ့ လောကဓံကို ရင်မဆိုင်နိုင်တဲ့အခါ၊ ပျော်ပြီးရင် ပျက်ရမှာပဲဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ဆီရောက်လာတဲ့ ပျော်ရွှင်မှုတွေကို ကြိုတင်စွန့်လွှတ်လိုက်တတ်တာမျိုးလည်း လုပ်ကြပါတယ်။
ဒီလိုမျိုး ပျော်ချင်ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပျော်နိုင်ကြသူတွေဟာ ထင်ထားတာထက်ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိနေပါတယ်။ ကိုယ့်ရဲ့အပျော်ကို ကိုယ်တိုင်ဖျက်ဆီးရင်း စိတ်ညစ်စရာတွေကို ဖွေရှာတတ်တဲ့အကျင့်ဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုအပြင် လောကနီတိအပေါ် ကိုယ့်ရဲ့ရှုမြင်သုံးသပ်နိုင်စွမ်းကိုလည်း တိမ်းစောင်းယိုင်လဲနိုင်စေပါတယ်။
တကယ်တော့ ပျော်ရွှင်မှုဆိုတာ တခြားသူဆီကနေ ရယူရတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ယူရတဲ့ အရာတစ်ခုပါ။ ကိုယ်တိုင်က ပျော်ရွှင်အောင် မနေတတ်ရင် တခြားသူကို ပျော်ရွှင်မှုပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သလို ကိုယ်ချစ်ရသူက ပျော်စရာမကောင်းတဲ့ ကိုယ့်အနားမှာလည်း ရေရှည်နေနိုင်ဖို့ ခက်ခဲပါတယ်။ အခုပြောပြမယ့် tips တွေကို လိုက်နာပြီး ကိုယ့်ဘဝအတွက် ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ရှာဖွေနိုင်အောင် ကြိုးစားကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ လက်ရှိမှာ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာ၊ ကိုယ့်အနားမှာရှိနေသူတွေအားလုံးအတွက် ကျေးဇူးတင်ပါ။ သူတို့တွေကို ပိုပြီးဂရုစိုက်ပေးပါ။
၂။ မနက်ဖြန်တွေမှာ အကောင်းရော၊ အဆိုးရော ဒွန်တွဲပြီးလာမှာဖြစ်တဲ့အတွက် ဒီသဘောတရားကို မမေ့ထားဘဲ ဖြစ်လာသမျှ အကောင်းဆုံးရင်ဆိုင်ပါ၊ ကျော်လွှားပါ။
၃။ ကိုယ်ဘယ်အရာကို ကြိုက်နှစ်သက်လဲ၊ ဘာကို စိတ်ဝင်စားလဲ၊ ဘယ်ဝါသနာကို စိတ်အားထက်သန်လဲဆိုတာကို အရင်ကမရှာဖွေဖူးရင် အခုကစပြီး ရှာဖွေပါ။ ရှိပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင် ဖြည်းဖြည်းချင်းတည်ဆောက်ပါ။
၄။ စိတ်ဖိစီးမှုကို အကုန်မဟုတ်ရင်တောင် နည်းနိုင်သလောက် နည်းအောင် ကြိုးစားပါ။ လေ့ကျင့်ခန်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ ဝါသနာပါရာ လုပ်ပေးခြင်း စတာတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ပေးနိုင်ပါတယ်။
၅။ ကြုံလာသမျှ ပြဿနာတွေကို အကောင်းမြင်စိတ်လေးထားပြီး ရှုမြင်သုံးသပ်ပါ။ ပျော်စရာရှိတဲ့အချိန် ပျော်ပြီး၊ ဝမ်းနည်းစရာရှိတဲ့အခါ ဝမ်းနည်းပြီးတာနဲ့ ကိုယ့်တာဝန်တွေကို ဆက်လုပ်ပါ။
၆။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကို ကိုယ်မှမချစ်ရင် တခြားဘယ်သူမှလည်း လာချစ်မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် ကိုယ်တိုင်ချစ်စိတ်ဖြစ်မှ တန်ဖိုးထားတတ်မယ်၊ ပိုကောင်းအောင် ကြိုးစားတတ်လာမယ်၊ အနာဂတ်ဆိုတာရှိလာမှာပါ။
၇။ နောက်ဆုံးအနေနဲ့ ပျော်ရမှာကို မကြောက်ပါနဲ့၊ အပျော်ရဲ့နောက်မှာ ကပ်လိုက်လာမယ့် ဝမ်းနည်းစရာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။ အမြဲတမ်း ပျော်နေရရင် ဘဝကြီးက ပျင်းစရာကောင်းသွားပါလိမ့်မယ်။
ရဲမျိုးမြတ်